အရေးကြီးမှတ်စု – UNHCR ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်သည်။
UNHCR သည် မတ် ၂၈ ရက်က ငလျင်ဒဏ်ခံရသော နေရာတိုင်းတွင် ကူညီမှုများ တုံ့ပြန်ဆောင်ရွက်ရန် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ယုံကြည်ရသော မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လိုအပ်ချက်များနှင့် အထောက်အပံ့များရရှိနိုင်မှုအပေါ်အခြေခံ၍ UNHCR နှင့် ၎င်း၏ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများသည် ငလျင်ဒဏ်ခံရသူများအတွက် အရေးပေါ်အမိုးအကာများ၊ မရှိမဖြစ်လိုအပ်သောပစ္စည်းများအပြင် ဥပဒေဆိုင်ရာအကူအညီများကဲ့သို့သော ဝန်ဆောင်မှုများကဲ့သို့သော အကူအညီအမျိုးအစားများစွာကို ပေးဆောင်လျက်ရှိသည်။
အကယ်၍ သင် သို့မဟုတ် သင်အသိမိတ်ဆွေ တစ်စုံတစ်ယောက်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ပြီး အကူအညီများ လိုအပ်ပါက သို့မဟုတ် UNHCR မှ ပံ့ပိုးကူညီမှုနှင့် ပတ်သက်၍ မေးစရာများရှိပါက UNHCR သို့ ဆက်သွယ်ပါ ။
ငလျင်မလှုပ်မီ၊ ငလျင်လှုပ်နေစဥ်အတွင်းနှင့် ငလျင်လှုပ်ခတ်မှုအပြီးတွင် မည်သို့ပြုမူလုပ်ဆောင်ရမည်ကို အောက်တွင် အကြံပြု ဖော်ပြထားပါသည်။
၁။ နောက်ဆက်တွဲငလျင်များ / ငလျင်မလှုပ်မီ အချိန်အတွက် ကြိုတင်ပြင်ဆင်ခြင်း ⬇️
- နောက်ဆက်တွဲငလျင် အတွက် ကြိုတင်ပြင်ဆင်ထားပါ။ လာမည့်လအနည်းငယ်အတွင်း၊ ထိခိုက်ဒဏ်ရာရသည့်နေရာသည် နောက်ဆက်တွဲငလျင်များ ကျရောက်နိုင်ပြီး ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ထပ်မံဖြစ်ပေါ်စေနိုင်သည်။
- အချို့သော ဆည်များ ပျက်စီးပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
- အရေးပေါ်အသုံးအဆောင်အိတ်များကို ပြင်ဆင်ပါ။ ရေ၊ တာရှည်ခံ အစားအစာ၊ ဓာတ်မီး၊ ဘက်ထရီ၊ အရေးပေါ်ဆေးအိတ်နှင့် လိုအပ်သော ဆေးဝါးများ ကဲ့သို့သော မရှိမဖြစ်လိုအပ်သော အသုံးအဆာင်ပစ္စည်းများ ပါ၀င်သော အရေးပေါ်အသုံးအဆောင်အိပ်ကို ပြင်ဆင်ပါ။ ယင်းအရေးပေါ်အသုံးအဆောင်အိတ်ကို အလွယ်တကူ လက်လှမ်းမီနိုင်သော နေရာတွင် ထားပါ။
- မိသားစုအရေးပေါ်အစီအစဉ်ကို ရေးဆွဲထားပါ။ မိသားစုဝင်များနှင့် အရေးပေါ်ဝန်ဆောင်မှုများအတွက် ပြောင်းရွှေ့ရန်ထွက်ပေါက်လမ်းကြောင်း၊ စုဝေးရန်နေရာ(စုရပ်) နှင့် မိသားစုဝင်များနှင့် အရေးပေါ် ဝန်ဆောင်မှုများ၏ ဆက်သွယ်ရန်ပါဝင်သော မိသားစုအရေးပေါ်အစီအစဉ်တစ်ခုကို ရေးဆွဲထားပါ။ မိသားစုဝင်အားလုံးသည် ယင်းအစီအစဉ်နှင့် သိရှိရင်းနှီးနေအောင် လုပ်ဆောင်ပါ။
- လေးလံသောပစ္စည်းများကို ခိုင်မြဲအောင်ချည်ထားပါ။ ငလျင်လှုပ်နေစဉ်အတွင်း ပြိုကျနိုင်သည့် လေးလံသောပရိဘောဂများ၊ အသုံးအဆောင်များနှင့် အခြားပစ္စည်းများကို ခိုင်မြဲအောင်ထားပါ။ ပြုတ်ကျ လဲကျခြင်းများမှ ကာကွယ်ရန် ဘရက်ကက် (Brackets) များ၊ ကြိုးများ သို့မဟုတ် အခြား ချုပ်နှောင်ထားနိုင်သောပစ္စည်းများကို အသုံးပြုပါ။
- အန္တရာယ်ဘေးကင်းနေရာများကို ရှာဖွေသတ်မှတ်ထားပါ။ ခိုင်ခံ့သောပရိဘောဂများအောက် သို့မဟုတ် ပြတင်းပေါက်နှင့်ဝေးသော အတွင်းဘက်နံရံများကဲ့သို့ အစရှိသည့် အိမ်၏ အခန်းတိုင်းတွင် ငလျင်လှုပ်ပါက ခိုလှုံနိုင်သော အန္တရာယ်ကင်းသည့်နေရာများကို ကြိုတင်သတ်မှတ်ထားပါ။
- အသုံးမပြုသည့်အခါ၊ ယိုစိမ့်မှုနှင့် မီးလောင်မှုအန္တရာယ်ကို လျှော့ချရန် ဓါတ်ငွေ့(ဂက်စ်)ပိုက်နှင့် ရေပိုက်များကို ပိတ်ထားပါ။
- မီးပွားနိုင်သော (သို့) အန္တရာယ်ရှိသည့် ပစ္စည်းများကို မီးနှင့်ဝေးရာ၊ လုံခြုံသောနေရာတွင် သိမ်းဆည်းထားပါ။
- အဆောက်အဦအတွင်းသို့မ၀င်မီ၊ နံရံအက်ကြောင်းများ၊ မညီညာသောကြမ်းပြင်များ၊ ပုံပျက်ယိုယွင်းနေသော ခေါင်မိုးများ သို့မဟုတ် ထင်သာမြင်သာရှိသော အဆောက်အအုံ တည်ဆောက်ပုံ ပြောင်းသွားမှုများကဲ့သို့သော အဆာက်အဦ၏ ပျက်စီးနေမှုလက္ခဏာများကို စစ်ဆေးပါ။
၂။ ငလျင်လှုပ်နေစဉ်/နောက်ဆက်တွဲလှုပ်ခတ်မှုအခြေအနေတွင် လုပ်ဆောင်ရန် ⬇️
- ဝပ်၊ ကာ၊ ကိုင်။ မြေပေါ်ဝပ်ချပါ။ ခိုင်ခံ့သော ပစ္စည်းနှင့် ပရိဘောဂ အောက်တွင် အကာအကွယ်ယူပါ။ လှုပ်ခါမှု ရပ်သွားသည့်အထိ မြဲမြံစွာကိုင်ထားပါ။ ဦးခေါင်းနှင့် လည်ပင်းတို့အား လက်မောင်းနှင့် လက်တို့ဖြင့် ကာကွယ်ထားပါ။
- အပြင်မထွက်ပါနှင့်။ အဆောက်အဦအတွင်းတွင်ရှိနေပါက အပြင်သို့မထွက်ဘဲ နေပါ။ တံခါးဝများ၊ ပြတင်းပေါက်များနှင့် အပြင်ဘက်နံရံများကို ရှောင်နေပါ။
- ပြတင်းပေါက်များနှင့် ဝေးဝေးနေပါ။ ဖန်ကွဲခြင်း သို့မဟုတ် အဆောက်အဦပြိုကျခြင်းမှ ဒဏ်ရာရနိုင်မှု ကို ရှောင်ရှားနိုင်ရန် ပြတင်းပေါက်၊ ဖန်တံခါးနှင့် အပြင်ဘက်နံရံများနှင့် ဝေးရာသို့ ရွှေ့နေပါ။
- အကာအကွယ်ရှာပါ။ ခိုင်ခံ့သော ပရိဘောဂအောက်တွင် အကာအကွယ်မယူနိုင်ပါက၊ ပြိုကျ လဲကျ နိုင်သော ပြတင်းပေါက်၊ အမြင့် ပရိဘောဂများနှင့် လေးလံပစ္စည်းများမှ ဝေးရာတွင် အတွင်းနံရံ နှင့်ကပ်ပြီး ဒူးထောက်ထိုင်ပါ။
- ဦးခေါင်းနှင့်လည်ပင်းကို ကာကွယ်ပါ။ ပြုတ်ကျနိုင်သော အရာများနှင့် အကျိုးအပျက်အပိုင်းအစများမှ ကာကွယ်ရန် လက်မောင်းနှင့်လက်ဖြင့် ဦးခေါင်းနှင့်လည်ပင်းကို အုပ်ထားပါ။
- စိတ်အေးအေးထားပါ။ စိတ်ငြိမ်အောင် ထိန်းပါ၊ အထူးသဖြင့် ကလေးများနှင့် အသက်ကြီးသူများကို စိတ်ငြိမ်အောင် အားပေးစကားပြောပါ။
- ငလျင်ရပ်သည်အထိ စောင့်ပါ။ ငလျင်ရပ်သွားပါက၊ နေရာမရွှေ့မပြောင်မီ ပတ်ဝန်းကျင်ရှိ အန္တရာယ်များကို သတိထားစစ်ဆေးပါ။
- အဆောက်အဦမှ ဘေးကင်းစွာ ထွက်ခွာပါ။ ငလျင်ရပ်ပြီးနောက် အဆောက်အဦမှ ထွက်ရန်လိုအပ်ပါက၊ သတိဖြင့်ထွက်ပါ။ ပျက်စီးနေသော လှေကားများ၊ ထွက်ပေါက်လမ်းများကို ပိတ်ဆို့နေသော အကျိုးအပဲ့များကို သတိပြုဂရုစိုက်ပါ။
- ဓာတ်ငွေ့၊ လျှပ်စစ်နှင့် ရေပိုက်များကို ပိတ်ပါ။ ဘေးကင်းကင်းနှင့်လုပ်နိုင်ပါက၊ မီးဘေး၊ လျှပ်စစ်အန္တရာယ်နှင့် ရေပျက်စီးခြင်းမှ ကာကွယ်ရန် ဓာတ်ငွေ့၊ မီးခလုတ်နှင့် ရေပိုက်များကို ပိတ်ပါ။
- နောက်ဆုံးရသတင်းများကို နားထောင်ပါ။ ဘက်ထရီအားသုံးရေဒီယို သို့မဟုတ် စမတ်ဖုန်းဖြင့် ငလျင်နှင့်ပတ်သက်သော နောက်ဆုံးအချက်အလက်များနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားချက်များကို စစ်ဆေးပါ။
- ကားမောင်းနေပါက –
- ကားအတွင်း၌သာ နေပါ။ ကားအတွင်း၌သာ နေပါ။ အပြင်တွင် ပြုတ်ကျနေသော အပျက်အစီးများနှင့် အန္တရာယ်ရှိနိုင်သောကြောင့် အဖြစ်မနေထွက်ရန် မလိုအပ်ပါက အပြင်သို့ မထွက်ပါနှင့်။
- ဘေးကင်းစွာ ရပ်ပါ။ ကားမောင်းနေပါက အရှိန်လျော့ကာ လမ်းဘေးသို့ ဖြည်းဖြည်းချင်း ဘေးကင်းစွာရပ်ပါ။ ပြိုကျနိုင်သော တံတားအောက်၊ ဓာတ်ကြိုးများ၊ သစ်ပင်ကြီးများအနီးတွင် မရပ်ပါနှင့်။
- စိတ်တည်ငြိမ်အောင်ထားပါ။ စိတ်ငြိမ်အောင် ထိန်းပါ။ မထိတ်လန့်ပါနှင့်။ ခါးပတ်ပတ်ထားပြီး အခြားလိုက်ပါ သူများ ကိုလည်း ထိုနည်းအတိုင်း လုပ်ဆောင်ခိုင်းပါ။
- စက်ရပ်ထားပါ။ လောင်စာဆီ ယိုစိမ့်မှုကြောင့် မီးဘေးဖြစ်နိုင်သောကြောင့် စက်ရပ်(စက်သတ်)ထားပါ။
- ငုံ့နေပါ။ လွင့်စင်လာနိုင်သော အပျက်အစီးအပိုင်းအစများမှ ကာကွယ်ရန် ကုလားထိုင်တွင် ခွေနေ(ငုံ့နေ)ပြီး လက်မောင်းဖြင့် ဦးခေါင်းနှင့်လည်ပင်းကို အုပ်ထားပါ။
- တံတားနှင့် ကုံးကျော်တံတားများကို ရှောင်ပါ။ ဖြစ်နိုင်ပါက တံတားနှင့် ကုန်းကျော် တံတားများပေါ် (သို့မဟုတ်) အောက်တွင် မရပ်ပါနှင့်။ ယင်းတို့သည် ငလျင်ဒဏ်ကို အထူးသဖြင့် မခံနိုင်သော အဆောက်အဦများ ဖြစ်သည်။
- ငလျင်ရပ်သည်အထိ စောင့်ပါ။ ငလျင်ရပ်ပြီးနောက် ခရီးမဆက်မီ ပတ်ဝန်းကျင်ကို သတိထားစစ်ဆေးပါ။ ငလျင်အလွန်တွင် မိနစ်ပိုင်းမှ ရက်ပိုင်းထိ နောက်ဆက်တွဲငလျင်ငယ်များ ဖြစ်နိုင်သည်ကို သတိပြုပါ။
- အခြားသူများကို ကူညီပါ။ ဘေးကင်းမည်ဆိုပါက အကူအညီလိုအပ်နေသော အခြား ယဥ်မောင်းများ သို့မဟုတ် လမ်းသွားလမ်းလာများကို အကူအညီလို၊ မလိုမေးပါ။ သို့သော် မိမိကိုယ်ကို အန္တရာယ် မဖြစ်စေရန် ဦးစားပေးပါ။
- အာဏာပိုင်များ၏ ညွှန်ကြားချက်ကို လိုက်နာပါ။ သက်ဆိုင်ရာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်နေသူများနှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ ယင်းတို့သည် ငလျင်၏ အခြေအနေအရ အန္တရာယ်အကင်းဆုံး နည်းလမ်းများကို ညွှန်ကြားပေးမည်ဖြစ်သည်။
၃။ ငလျင်လှုပ်ခတ်ပြီးနောက် လုပ်ဆောင်ရန်။ ⬇️
- ဒဏ်ရာရှိ၊ မရှိ စစ်ဆေးပါ။ ကိုယ့်ကိုယ်ကိုနှင့် မိသားစုဝင်များကို ဒဏ်ရာရှိ၊ မရှိ စစ်ဆေးပါ။ လိုအပ်ပါက ရှေးဦးသူနာပြုအကူအညီပေးပြီး ပြင်းထန်သောဒဏ်ရာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။
- ပျက်စီးမှုအား အကဲဖြတ်ပါ။ အိမ်တွင်း ဓာတ်ငွေ့ယိုစိမ့်မှု၊ အဆောက်အဦပျက်စီးမှုနှင့် လျှပ်စစ်အန္တရာယ်များအပါအဝင် ပျက်စီးမှုများကို အကဲဖြတ်ပါ။ သင့်အိမ်သည် မလုံခြုံတော့ပါက ချက်ချင်း အခြားနေရာသို့ ပြောင်းရွှေ့ပါ။
- အိမ်တွင်း၌ နေပါ။ အိမ်တွင်း၌ရှိနေပါက အိမ်ပြင်ထွက်ရန် စိတ်ချရသည်အထိ အိမ်တွင်း၌သာ နေပါ။ နောက်ဆက်တွဲငလျင်လှုပ်ခြင်းများ ဖြစ်နိုင်သောကြောင့် သတိထားပါ။ နောက်ဆက်တွဲငလျင်များသည် မူလငလျင် လှုပ်ပြီး မိနစ်ပိုင်းမှ ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်သည်။
- မိသားစုနှင့် ဆက်သွယ်ပါ။ မိသားစုဝင်များအား လုံခြုံစွာရှိ၊ မရှိ စစ်ဆေးပါ။
- အာဏာပိုင်များ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ သက်ဆိုင်ရာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်နေသူများနှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာပါ။ ယင်းတို့သည် ငလျင်၏ အခြေအနေအရ အန္တရာယ်အကင်းဆုံး နည်းလမ်းများကို ညွှန်ကြားပေးမည်ဖြစ်သည်။